မီးမှိတ်အိမ်
ဘဝမှာ အချိုးတွေမကျ အပြုံးတွေမလှတော့တဲ့အခါ .. 
အသံဝင်သွားတဲ့ အဆိုတော်တစ်ယောက်ရဲ့ နေ့ရက်တွေကြုံဆုံလာတဲ့အခါ ..
ချို့ဆိမ့်နဲ့ ကော်ဖီကို မှားသောက်မိတဲ့နေ့တွေ ... ခံစားချက်တွေ
တပို့တနင်းမျိုချပြီးမှ ဝမ်းဝရတဲ့နေ့တွေ ... မှော်ဝင်လမ်းတိုင်း လမ်းလျှောက်ရင်း
လမ်းပျောက် အရှေ့ မတိုး အနောက်မဆုတ် မဟုတ်တရုတ်လိုနေ့ရက်တွေ ...
ခံစားချက်တွေ ဆားပေါ့ ရသတွေခြောက်ကပ်နေတဲ့ ဟင်းတခွက်ကို
မြိန်ရည်ရှက်ရည်စားရသလိုပဲ .. အဲလိုနေ့တွေကို ဒီနေ့လိုကြုံလာရပြန်တော့
အိမ်လေးလည်းမီးမှိတ် တိတ်တိတ်ကလေးပဲ နေနေ၏ ...
ညီညီ(လောကမီးအိမ်)
ပိုးလေးတစ်ကောင်ရဲ့ ဖြစ်စဉ်
ပန်းပင်လေးရဲ့ ကိုင်းနားထက်မှာ ရှင်သန်ခဲ့ရတာက လွဲရင်ပေါ့ ..
ပန်းပွင့်လေးရဲ့ ရနံ့ တွေကို ရူရှိုက်ရင်း ကြာလာတဲ့အခါ
ပန်းပွင့်လေးပေါ် သံယောဇဉ်တွယ်မိလေပေါ့ …
ငါကပိုးကောင်လေးပါ … ငါကြောင့်မင်းအလှတွေပျက်စီးသွားမှာကို
ငါအစိုးရိမ်ဆုံးပဲပန်းကလေးရေ …
ငါက ပိုးကောင်လေးပါ … ကိုယ့်ကိုကိုယ်တောင်ပြန်မကြည့်ပဲ
ပန်းလေးကိုပဲ စွဲလမ်းစိတ်နဲ့ မထိရက် မကိုင်ရက်ခဲ့ပါ …
ငါကပိုးကောင်လေးပါ … ပန်းကလေးပေါ် ကိုလိပ်ပြာတွေ
လာလည်ကြတဲ့အခါ ငါ့မှာ နေမထိထိုင်မထိနဲ့ … သူတို့ က
ငါ့ထက် လှပတဲ့အဆင်းတွေရှိကြတယ်လေ …
ငါကပိုးကောင်လေးပါ … မိုးတွေကြား နှင်းတွေကြား
မီးခိုးတွေကြား ပိုးသတ်ဆေးတွေကြားမှာ အလူးအလဲခံရင်း
ပန်းကလေးမင်းနားမှာ ခစားခဲ့တာ ဘယ်သူမှမမြင်ခဲ့လေဘူး …
ငါကပိုးကောင်လေးပါ … နောက်ဆုံးထွက်သက်မှာတော့
ငါခန္ဓာကိုယ်မြေခလို့ ပန်းလေးမင်းအတွက် မြေသြဇာလေးတော့
ဖြည့်ခွင့်ပေးပါပန်းကလေးရေ …
ညီညီ(လောကမီးအိမ်)..

